top of page

ကလေးများ၏နားအကြားအာရုံကိုစစ်ဆေးခြင်း

  • Writer: htike
    htike
  • May 22, 2020
  • 1 min read

Updated: Aug 29, 2020

တစ်ခါတစ်ရံ ကလေးများဟာ စကားပြောရမယ့်အသက်အရွယ် ရောက်သည့်တိုင်အောင်စကားမပြောတာမျိုး၊ မိဘများနှင့်အခြားသူများအပေါ် ပြန်လည်တုန့်ပြန်မှုမျိုး နှေးကွေးတာကို ကြုံနေရပြီဆိုရင်တော့ ဖြစ်နိုင်ခြေများစွာရှိတဲ့အထဲက တစ်ခုကတော့ ကလေးရဲ့ အကြားအာရုံမှာ ပြဿနာဖြစ်နေတာပါ။

အချိန်စောစီးစွာ ဒီပြဿနာကို သိရှိမယ်ဆိုရင် မိဘများအနေနဲ့ မလိုလားအပ်တဲ့ ကလေးရဲ့ ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းတွေကို တားဆီးပေးနိုင်မှာပါ။ စကားပြောရမယ့် အရွယ်ရောက်မှ ကလေးကစကားမပြောလို့ အဲ့ဒီအချိန်မှ ရှာဖွေစစ်ဆေးမှုပြုလုပ်မယ်ဆို ကလေးရဲ့ အချိန်တွေများစွာ နစ်နာလှပါတယ်။ ဒီလိုနောက်ကျမှရှာဖွေတွေ့ရှိတာဟာ ကလေးအတွက် မလိုလားအပ်တဲ့ သင်ယူမှု နှောင့်နှေးမှုတွေ၊ အကြားအာရုံချို့ယွင်းခြင်းရဲ့ဆိုးကျိုးတွေနဲ့အတူ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တွေအထိပါဖြစ်နိုင်ပါတယ်။ ဒါကြောင့် မွေးကင်းစထဲကနေပြီး ကလေးရဲ့ အကြားအာရုံ ကောင်းမကောင်းစစ်ဆေးနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်းအချို့ကိုရေးပေးလိုက်ပါတယ်။


မွေးကင်းစမှ ၃လအတွင်း

၁။ ရုတ်တရတ်ဆူညံသံတစ်ခုကိုကြားတဲ့အခါ ကလေးကတုန့်ပြန်မှု ပေးပါတယ်။ ခြေလက်တွေကို လှုပ်ရှားတာမျိုး၊ လန့်သွားတာမျိုး၊ စတဲ့ တုန့်ပြန်မှုတွေကို မြင်တွေ့ရမှာပါ။

၂။ သူ့ဘေးမှာ တစ်စုံတစ်ယောက်က စကားပြောတဲ့အခါ ဒါမှမဟုတ် ဆူညံသံပြုလုပ်တဲ့အခါ အိပ်ပျော်နေရာမှ နိုးလာတတ်ပါတယ်။ အရမ်းလန့်သွားတဲ့အခါ ငိုတတ်ပါတယ်။

၃။ အထူးသဖြင့် မိခင်ရဲ့အသံကိုမှတ်မိပြီး မိခင်ကစကားပြောပေးတဲ့အခါ ငြိမ်သက်စွာ နားထောင်တာမျိုး၊ တုန့်ပြန်တာမျိုးကိုပြုလုပ်ပါတယ်။

ဒီအသက်အပိုင်းအခြားမှာ အသံကျယ်ကျယ်လောင်လောင်တွေ ရုတ်တရတ်လုပ်ပြီး ကလေးရဲ့ အကြားအာရုံကိုစစ်ဆေးပါ။ ဒါပေမယ့် ကလေးကို အရမ်း အထိတ်တလန့် ဖြစ်စေလောက်တဲ့ အနေအထားအထိ မလုပ်ဖို့လဲ သတိပေးပါရစေ။ ကလေးဟာ အသံတွေကို တုန့်ပြန်မှုမျိုးတွေမရှိဘူး၊ လန့်သွားပြီးငိုတတ်တာမျိုးမရှိဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ပြသပေးပါ။ ၃လမှ၆လအတွင်း

၁။ ဒီအရွယ်မှာတော့ ကလေးတွေဟာ စိတ်ဝင်စားစရာအသံများကိုစတင်တုန့်ပြန်လာပါပြီ။ အသံကြားရာဖက်ကို လှည့်ကြည့်တာမျိုးတွေလုပ်လာပါပြီ။

၂။ အသံများ/အထူးသဖြင့် သူတို့ဘေးနားမှာ တစ်စုံတစ်ယောက်စကားပြောတာတွေကို စိတ်ဝင်တစား လိုက်လံနားထောင်တဲ့အပြုအမူမျိုးတွေကို လုပ်တတ်ကြပါတယ်။

၃။ အသံများကြောင့် အိပ်နေရာမှအလွယ်တကူနိုးလာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

ဒီအသက်အပိုင်းအခြားမှာတော့ ကလေးကို နာမည်ခေါ်တာမျိုး၊ အသံမြည်တဲ့ ကစားစရာတွေနဲ့ အသံပေးပြီး ကစားတာမျိုးတွေပြုလုပ်ပေးပါ။ ကလေးရဲ့မျက်နှာကိုကြည့်ပြီး တီတီတာတာစကားတွေပြောပေးပါ။ ကလေးကတော့ နားမလည်သေးပါဘူးဆိုပြီး ဘာမှမပြောပေးတာမျိုးတွေ မလုပ်ပါနဲ့။ သီချင်းတွေဆိုပြပေးပါ။ နှစ်သက်ဖွယ်အသံတွေကို တုန့်ပြန်တာမျိုး၊ လှုပ်ရှားလာတာမျိုးမရှိရင် စိတ်ပူပါ။ ကျွမ်းကျင်ပညာရှင်/ဆရာဝန်များနဲ့ ပြသပါ။


၆လမှ ၁နှစ်အတွင်း

၁။ စကားလုံးတချို့ရဲ့အဓိပ္ပါယ်ကို စတင်နားလည်လာပါပြီ။

၂။ လူကြီးများရဲ့အသံတွေကိုလိုက်လံတုပပြောဆိုခြင်းတွေလဲ လုပ်တတ်လာပါပြီ။

၃။ ထူးဆန်းသော အသံများကို စိတ်ဝင်စားတတ်လာပါတယ်။

ဒီအရွယ်မှာ ကလေးဟာ မိမိရဲ့ အမည်နာမနဲ့အတူ အချို့သော အခေါ်အဝေါ်တွေကို သိလာပါပြီ။ သားသားရေ၊ မီးမီးရေ စသည်ဖြင့် ခေါ်ရင်သိတာမျိုး ပြန်ထူးတဲ့ ပုံစံလို အသံများလဲ လုပ်တတ်လာပါပြီ။ ကားသံကြားရင် စိတ်ဝင်တစား ကားကမြင်ကွင်းမှပျောက်သွားတဲ့အထိ လိုက်ကြည့်တာမျိုး၊ တူတူရေဝါးဆော့တဲ့အခါ ပျောက်သွားတဲ့အခါ လိုက်ရှာတာမျိုးတွေလဲ လုပ်နေပါပြီ။ တစ်နှစ်ဘက်ကို ကပ်လာတဲ့အခါ စကားတစ်လုံးစ နှစ်လုံးစပြောတတ်လာပါပြီ။ ဒါကတော့ ကလေးတစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးမှုအလိုက်ကွာခြားပါတယ်။ ကလေးဟာ မိမိကိုခေါ်တာကို လှည့်ကြည့်တာမျိုး တုန့်ပြန်တာမျိုး စတာတွေမရှိဘူးဆိုရင်တော့ ကျွမ်းကျင်ပညာရှင်/ဆရာဝန်များနဲ့ ပြသပါ။

အထက်မှာ ရေးထားခဲ့တဲ့အတိုင်းပဲ အသက်အရွယ်အလိုက်တုန့်ပြန်မှုတွေကိုကြည့်ပြီး မိမိရဲ့ ကလေးအကြားအာရုံကောင်းရဲ့လားဆိုတာကို အလွယ်တကူ စစ်ဆေးကြည့်လို့ရပါတယ်။ မိမိကိုယ်တိုင်စစ်ဆေးကြည့်တဲ့အခါ သံသယဝင်နေပြီဆိုရင်/ ဒါမှမဟုတ် မသေချာဘူးထင်ရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်/ဆရာဝန်တွေဆီမှာ သွားရောက်စစ်ဆေးပေးပါ။ မကြောက်ပါနဲ့။ စောစောသိလေ ကလေးအတွက်အကျိုးများလေပါ။ နားအကြားအာရုံ စစ်ဆေးမှုပြုလုပ်တာဟာ ကလေးအတွက် အရေးကြီးသလို မိဘတွေလဲ ရေရှည်မှာ စိတ်ချမ်းသာနိုင်မှာပါ။



 
 
 

Recent Posts

See All
ခက်ခဲသောကာလတွင် ကလေးများ၏ စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်း

ယခုကာလဟာ အားလုံးသိကြတဲ့အတိုင်းပဲ ကိုဗစ်ရောဂါကပ်ဆိုးကြောင့်တင်မကပဲ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်နေ ကလေး၊လူကြီးမရွေး အားလုံးနီးပါး...

 
 
 

Comments


စာ‌စောင်များကိုရယူလိုပါက

Thanks for submitting!

  • Facebook Black Round

© 2023 by Precious Child

Proudly created with Wix.com

Tel: +66 0991479673

bottom of page