ခက်ခဲသောကာလတွင် ကလေးများ၏ စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်း
- htike

- Nov 3, 2021
- 1 min read
Updated: Jan 6, 2022
ယခုကာလဟာ အားလုံးသိကြတဲ့အတိုင်းပဲ ကိုဗစ်ရောဂါကပ်ဆိုးကြောင့်တင်မကပဲ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်နေ ကလေး၊လူကြီးမရွေး အားလုံးနီးပါး ခက်ခဲပြီး စိတ်သောကရောက်နေကြရတဲ့အချိန်ပါ။ ဒီလိုခက်ခဲတဲ့ကာလအတွင်းမှာ မိဘများအနေနဲ့ မိမိ၏ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာခြင်းကို အာရုံစိုက်ကြရတာတင်မကပဲ ငယ်ရွယ်တဲ့ သားသမီးလေးတွေအတွက် ပိုလို့တောင် အာရုံစိုက်ကြရမှာပါ။ သို့ပေမယ့် ခက်ခဲမှာလဲအမှန်ပါပဲ။
အခုပြောပြချင်တဲ့အကြောင်းကတော့ ဒီလိုကာလမျိုးမှာ ကလေးများရဲ့ စိတ်ကျန်းမာပျော်ရွှင်ဖို့အတွက် မိဘများ လုပ်ပေးနိုင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။
၁။ အချိန်ပေးပါ။
အချိန်ပေးပါလို့ဆိုရာမှာ တနေကုန် ကလေးများနဲ့ တူတူနေရမယ်လဲမဆိုလိုပါဘူး။ မိသားစုဝမ်းရေးအတွက် ပြင်ပမှာ လုပ်ကိုင်နေကြရတဲ့ မိဘတွေဆို ပိုလို့တောင်အချိန်ပေးဖို့ ခက်ခဲမှာပါ။ ကလေးများကို အချိန်ပေးဖို့ မိဘတွေအနေနဲ့ အချိန်ဇယားလေး တခုရေးဆွဲကြည့်ပါ။
ဥပမာ -
အလုပ်နားရက်မှာ ကလေးနဲ့အတူတူ မုန့်တူတူစားကြတာ
ညနေအလုပ်က ပြန်လာတဲ့အခါ ကလေးနဲ့အတူ ထမင်းစားတာ
စျေးသွားတဲ့အခါ ကလေးကို တူတူခေါ်သွားတာ
စသည်ဖြင့် ပိုက်ဆံမကုန်၊ အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေကို မိမိဒေသအလိုက်၊ မိသားစုရဲ့ အလေ့အထအလိုက် သင့်တော်တဲ့နည်းလမ်းများကို ရှာဖွေကြည့်ပါ။
မိဘများနှင့် အချိန်ကောင်းစွာရသောကလေးများဟာ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကြသော ကလေးများဖြစ်တယ်ဆိုတဲ့ သုသေသနအဖြေတွေများစွာ ရှိပါတယ်။ ဒါကြောင့် မိမိရတဲ့ အချိန်များကို အခြားသောအရာ (ဖုန်း၊ အင်တာနက်) တွေမှာ အချိန်မဖြုန်းပဲ သားသား၊ မီးမီးတို့ အတွက် အသုံးပြုပေးပါ။
၂။ ပုံပြင်ပြောခြင်း၊ ပုံပြင်ဖတ်ခြင်း
ကလေးများဟာ ပုံပြင်ကို လွန်စွာနှစ်သက်ကြပါတယ်။ ပုံပြင်အားဖြင့် ခံစားချက်အမျိုးမျိုးကိုလည်း သင်ယူကြပါတယ်။ မိမိကလေးဝမ်းနည်းနေလျှင် ပျော်စရာကောင်းတဲ့ ပုံပြင်လေးတွေ ဖတ်ပေး၊ ပြောပြပေးပါ။ ဒီနည်းလမ်းဟာ ငွေကြေးကုန်ကျခြင်းမရှိပဲ ကလေးများရဲ့ စိတ်ကျန်းမာရေးနှင့် အတူ အခြားသော ဖွံ့ဖြိုးမှုများကို လွန်စွာအထောက်အကူပြုပါတယ်။
၃။ ကလေးနှစ်သက်သော အရာတစ်ခုခုကို လုပ်ဆောင်စေခြင်း/ သင်ယူစေခြင်း
ဒီကာလမှာ ကျောင်းအများစုပိတ်ထားကြတာကို အားလုံးသတိထားမိမှာပါ။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာ တစ်ခုက မိဘအများစုဟာ ကလေးများကို စာသင်ဖို့သာ အာရုံစိုက်ပြီး အွန်လိုင်းတန်းများကို ဖိစီးစွာ သင်စေချင်ကြတာပါပဲ။ ဒီကာလမှာ မိဘတို့ရဲ့ စိတ်ဖိစီးမှုတွေကြောင့် သားသားမီးမီးတို့ဟာ စိတ်ဖိစီးမှုကို ရရှိပြီးသားပါ၊ အဲ့ဒီအပြင် မိဘများရဲ့ ရှေ့မှာ ကျောင်းသင်ခန်းစာတွေကို လေ့လာရတာဟာ နောက်ထပ်ဖိစီးမှုတစ်ခုရလိုက်သလိုပါပဲ၊ ကျောင်းပိတ်ထားတာကြာလို့ စာတွေနောက်ကျကုန်မှာ မှန်ပေမယ့် မိဘတွေရဲ့လောဘကြောင့် သားသမီးတို့ရဲ့ စိတ်ပျော်ရွှင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်ဆိုတာလည်း မေ့ထားလို့ မဖြစ်ပါဘူး။ အထူးအဖြင့် အသက်ငါးနှစ်အောက် ကလေးများဆို ပိုလို့တောင် မလုပ်သင့်ပါဘူးနော်။
သင်ယူခြင်းမှာနောက်မကျစေချင်ဘူးဆိုတဲ့ မိဘများအတွက် အကြံကောင်းလေးပေးချင်ပါတယ်။ အိမ်မှာ နေရင်းနဲ့ သားသမီးတို့ရဲ့ ဝါသနာကို ရှာဖွေပါ။ သူဝါသနာပါပြီး နှစ်သက်တဲ့ အရာအတွက် အချိန်ပေးပြီး သင်ယူစေဖို့ လုပ်ကိုင်စေဖို့ အားပေးလိုက်ပါ။
ဥပမာ-
ပန်းချီဆွဲတာကြိုက်တဲ့ ကလေးအတွက် ပန်းချီသင်တန်းလေးတွေ ပန်းချီဆွဲနိုင်မယ့် ပတ်ဝန်းကျင်လေး ဖန်တီးပေးပါ။
အားကစားနှစ်သက်တဲ့ ကလေးအတွက် အားကစားတစ်ခုခုကို လုပ်ဖို့ ကူညီပေးပါ။
ကျွန်မသိတဲ့ ကလေးတစ်ယောက်ဆိုရင် English sign language ကို စိတ်ဝင်စားနေတာကြောင့် မိဘကလဲ YouTube ကနေတဆင့် လေ့လာခွင့် ဖန်တီးပေးလိုက်ပါတယ်။
ကလေးများဟာ တစုံတခုသင်ယူနေဖို့ပဲလိုတာပါ။ schooling can wait but learning can’t ဆိုတဲ့အတိုင်းပဲ နောက်ကျမှ ကျောင်းတက်လဲ ဘာမှမဖြစ်ပါဘူး။ တစုံတခုကို သင်ယူနေဖို့ပဲလိုတာပါ။ တစုံတခု ဆိုတာဟာ ကျောင်းစာ တခုတည်းမဟုတ်ဘူးဆိုတာ မိဘများနားလည်စေချင်ပါတယ်။ တခုခုကို စိတ်ဝင်စားစွာ သင်ယူလေ့လာ လုပ်ဆောင်နေတဲ့ကလေးဟာ ဦးနှောက်ကို ကောင်းစွာ အလုပ်ပေးနေတဲ့အတွက်ကြောင့် ကျောင်းစာများကို ပြန်လည်လေ့လာတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။
မေတ္တာဖြင့်
ဆရာမထိုက်



Comments