ကလေးများနှင့်အာဟာရ
- htike

- Jan 17, 2020
- 1 min read
မိမိ၏ကလေးကို ကျန်းမာဖွံ့ဖြိုးပြီး ဥာဏ်ရည်ထက်မြက်သော ကလေးဖြစ်စေလိုပါသလား။ ရာသီအကူးအပြောင်း၌ သင့်ကလေး မကြာခဏဖျားနာခြင်းကို စိတ်ညစ်နေပါသလား။ အခြားကလေးများကဲ့သို့ ကြီးထွားဖွံ့ဖြိုးမှုမရှိ၍ စိတ်ပူနေပါသလား။ ဒီစိုးရိမ်မှုတွေအတွက် ဖြေရှင်းရမယ့် နည်းလမ်းတွေထဲက တစ်ခုကတော့ ကလေးကို အာဟာရမျှတအောင်ကျွေးဖို့ပါ။ အာဟာရပြည့်ဝတဲ့ ကလေးများဟာ ကျန်းမာဖွံ့ဖြိုးပြီး ဥာဏ်ရည်ထက်မြက်ကြပါတယ်။ ဒီဘလော့လေးထဲမှာ ရေးပြပေးမယ့် အကြောင်းအရာများကတော့ ကျွန်မရဲ့ သူငယ်ချင်းဖြစ်တဲ့ သြစတေးလျနိုင်ငံက အစာအာဟာရပညာရှင်တစ်ယောက်ရဲ့ လမ်းညွှန်ချက်အတိုင်း ရေးပေးသွားမှာပါ။

မိဘအများစုအတွက် သားသမီးများကို ဘယ်လိုသင့်တင့်မျှတာအောင်ကျွေးသင့်သလဲ ဆိုတာကလဲ တကယ်ကို ကြီးမားတဲ့စိန်ခေါ်မှုုပါပဲ။
အာဟာရမပြည့်၀ခြင်းသည် ကလေးများ၏ ဘက်စုံဖွံ့ဖြိုးမှုအတွက် ကြီးမားသော အဟန့်အတားဖြစ်ပါသည်။
အာဟာရမပြည့်၀သောကလေးများအတွက် အန္တရာယ်
အာဟာရမပြည့်ဝတဲ့အခါ မောပန်းလွယ်ခြင်း၊ မှတ်ဥာဏ်အားနည်းခြင်း၊ အာရုံစူးစိုက်မှု မပြုလုပ်နိုင်ခြင်း၊ လန်းဆန်းမှုမရှိခြင်း၊ ရာသီအကူးအပြောင်းဒဏ်မခံနိုင်ခြင်း၊ မကြာခဏဖျားနာခြင်း စတာတွေဖြစ်တတ်ပါတယ်။ ဒါထက်ဆိုးတာကတော့ အာဟာရချို့တဲ့ခြင်းပါ။ အာဟာရချို့တဲ့ တဲ့အခါတွေ့ရတဲ့ လက္ခဏာတွေကိုတော့ မိဘများသိပြီးဖြစ်မှာပါ။ ပိန်လှီပြီး ၀မ်းဗိုက်ပူခြင်း၊ ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်ခြင်း(သို့) နှေးေကွးခြင်း၊အဆိုးဆုံးအနေနဲ့ သေဆုံးခြင်းအထိဖြစ်နိုင်ပါတယ်။
အာဟာရပြည့်၀အောင်ဘယ်လိုကျွေးသင့်သလဲ။
ကျွန်မတို့ကတော့ ကလေးကိုများများကျွေးတာပဲ။ စားချင်တာ စားလို့ရအောင်ကို စီစဥ်ပေးထားတာ။ အိမ်မှာ အပေါဆုံးကတော့ အစားအသောက်ပါပဲလို့ မိဘတစ်ချို့ပြောတာကို ကြားဖူးပါတယ်။ ဒါပေမယ့်ဒီနေရာမှာ သတိပြုရမယ့်ချက်က စားတဲ့အစားတိုင်းဟာ ကလေးအတွက် အကျိုးမဖြစ်စေနိုင်ပါဘူး ဆိုတာပါပဲ။ စားတဲ့ ပမာဏထက် စားလိုက်တဲ့အစားအသောက်ရဲ့ အရည်အသွေးကအဓိကပါ။ အများကြီးစားဖို့ထက် လိုအပ်တဲ့ အာဟာရပမာဏပါ၀င်အောင်ကျွေးဖို့ အဓိကကျပါတယ်။
ဘာတွေဘယ်လောက်ကျွေးသင့်ပါသလဲ။
အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း လူတစ်ယောက်ဟာ အင်အားကိုဖြစ်စေသောအစာ၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေတဲ့အစာအုပ်စုနဲ့ ရောဂါကာကွယ်စေတဲ့ အစာအုပ်စု သုံးခုစားရပါမယ်။ အသေးစိတ်ပြောရမယ်ဆိုရင် လူတစ်ယောက်အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကတော့ ပရိုတင်း(အသားဓာတ်)၊ ကာဘိုဟိုက်ဒရိတ်(ကစီဓာတ်)၊ ဗီတာမင်၊ သတ္ထုဓာတ် အပြင်ရေဓာတ်လဲလိုအပ်ပါတယ်။
ကာဘိုဟိုက်ဒရိတ်(အင်အားကိုဖြစ်စေသောအစာ)
မြန်မာပြည်လိုနေရာမှာတော့ ကာဘိုဟိုက်ဒရိတ်မစားဖြစ်မှာ ပူစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ အဓိကအစားအစာက ဆန်(ထမင်း)ဖြစ်တာကြောင့် ကာဘိုဟိုက်ဒရိတ်က ပြောစရာမလိုအောင်ပါ၀င်ပြီးသားပါ။ ဒါပေမယ့် ဒီနေရာမှာ သတိပေးချင်တဲ့အချက်ကတော့ ကာဘိုဟိုက်ဒရိတ်ပမာဏများစွာ စားသုံးမိရင် ဖြစ်တတ်တဲ့ အန္တရာယ်ကိုပါ။ ပုံမှန်လူကြီးတယောက်အနေနဲ့ တစ်နေ့ကို ၁၃၀ဂရမ်လောက်သာ စားသုံးသင့်ပေမယ့် ကလေးအရွယ်မှာ အင်အားကို များစွာ အသုံးပြုရတာကြောင့် ကာဘိုဟိုက်ဒရိတ်ကို ၃၀၀ဂရမ်လောက်အထိကျွေးပေးသင့်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ကို ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏထက်များစွာ စားသုံးမယ်ဆိုရင်တော့ အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးနဲ့ဆိုင်တဲ့ ရောဂါများဖြစ်တတ်ပါတယ်။ အကျိုးပြုတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို ဂျုံနဲ့ ဟင်းသီးဟင်းရွက်တွေမှလဲ ရရှိနိုင်ပါသေးတယ်။
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေတဲ့အစာ၊ ပရိုတင်း(အသားဓာတ်)
ကလေးကြီးထွားဖွံ့ဖြိုး အရပ်ရှည်ဖို့အတွက် အရေးကြီးတာကတော့ ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်ပါ။ သူကတော့့ လွယ်ပါတယ် အသား၊ငါးအမျိုးမျိုးကို စားခြင်းဖြင့်ရရှိနိုင်ပါတယ်။ အသားငါးမစားတဲ့ ကလေးေတွေအတွက်ကတော့့ ကြက်ဥ၊ ပဲအမျိုးမျိုး၊ ပဲပြား စတဲ့အစားအသောက်တွေမှလည်း ပရိုတင်းဓာတ်ကို ရရှိနိုင်ပါတယ်။ တစ်နေ့တာ ကလေးကို ကျွေးသင့်တဲ့ပမာဏကတော့ အလွယ်ဆုံးအတိုင်းအတာက တစ်ခါစားရင် ကလေးရဲ့ လက်ဖဝါးအရွယ်အစားပါ။
ရောဂါကာကွယ်စေတဲ့ အစာ (ဗီတာမင်၊ သတ္ထုဓာတ်)
ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကို သက်စောင့်ဓာတ်တွေလို့လဲခေါ်ပါသေးတယ်။ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ဓာတ်တွေမို့ပါ။ ဒီအစာအုပ်စုကိုတော့ နေ့စဥ်ကလေးကိုကျွေးတဲ့ ပမာဏထဲက သုံးပုံနှစ်ပုံအထိကျွေးပေးရပါမယ်။ ဒီအစာအုပ်စုကိုတော့ ဟင်းသီးဟင်းရွက် မျိုးစုံကနေရရှိပါတယ်။ တစ်နေ့တာ ကလေးစားသုံးတဲ့ အထဲမှာ ဟင်းဟီးဟင်းရွက် အရောင်စုံ ထည့်သွင်းပေးသင့်ပါတယ်။ ဥပမာ- အစိမ်းရင့်ရောင် ဟင်းနုနယ်ရွက်၊ အဖြူရောင် မုန်လာဥဖြူ၊ လိမ္မော်ရောင် မုန်လာဥနီ၊ အဝါရောင် ပန်းငရုတ်ပွ။ အနီရောင် ခရမ်းချဥ်သီး စသည်ဖြင့်အာဟာရစုံလင်အောင်ကျွေးေမွးပေးပါ။
အခြားကျွေးပေးသင့်သော အစားအစာများ
ချန်ထားခဲ့လို့မရတဲ့ နေ့စဥ်် ကလေးကို ကျွေးသင့်တဲ့ အစားအသောက်တွေလဲရှိပါသေးတယ်။ ပထမအနေနဲ့ကတော့ ရေပါ။ ရေကိုလုံလောက်စွာ သောက်သုံးဖို့အားပေးပါ။ ဘာကြောင့်လဲဆိုတော့ ကလေးအရွယ်မှာ လှုပ်ရှားပြေးလွှားမှုတွေများတာကြောင့် ချွေးထွက်များပြီး ရေဓာတ်များစွာ ဆုံးရှုံးပါတယ်။
နောက်တစ်ခုကတော့ အစေ့အဆန်တွေပါ။ ဦီးနှောက်ဖွံ့ဖြိုးမှုကိုအားပေးတဲ့ အဆီဓာတ်နဲ့ အခြားကောင်းမွန်တဲ့ဓာတ်တွေပါ၀င်တာကြောင့် တစ်နေ့ကို အစေ့အဆန်အစုံ လက်တစ်ဆုပ်စာလောက်ကျွေးပေးသင့်ပါတယ်။


Comments