ကလေးများကိုရေကူးသင်ပေးပါ။
- htike

- Feb 22, 2020
- 1 min read
Updated: Mar 6, 2020
စျေးကြီးပေးရတဲ့ နိုင်ငံတကာကျောင်းတွေမှာ ရေကူးအစီအစဥ်က မပါမဖြစ်ပါလေ့ရှိပါတယ်။ အချို့ရေကူးအစီအစဥ်မရရှိတဲ့ ကလေးများအတွက် မိဘတွေက နွေရာသီကျောင်းပိတ်ရက်တွေမှာ ရေကူးသင်တန်းပို့တာတွေ လုပ်ပေးကြပါတယ်။ ဘာကြောင့် ကျောင်းတွေမှာ ရေကူးသင်ပေးကြပါသလဲ။ မိဘများကကော ဘာအတွက်ကြောင့် ရေကူးသင်ပေးသင့်လဲဆိုတဲ့ အကြောင်းကိုဆွေးနွေးချင်ပါတယ်။

၁။ ပျော်ရွှင်ခြင်း
အလွယ်ဆုံးပြောရမယ်ဆိုရင်တော့ ရေကူးတာဟာ ပျော်စရာသိပ်ကောင်းပါတယ်။ ရေကစားတာမကြိုက်တဲ့ ကလေးဆိုတာလဲ ခပ်ရှားရှားပါပဲ။ ရေကြောက်တဲ့ ကလေးတစ်ချို့ကိုလည်းတွေ့ဖူးပါတယ်။ အထူးသဖြင့် ရေကြောက်နေတဲ့ ကလေးဆိုရင်ပိုပြီးတော့တောင် ရေကူးသင်ပေးသင့်နေပါပြီ။ ရေနဲ့ပတ်သတ်တဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေဖန်တီးပေးပါမှ ကလေးအတွက် ကြောက်ရွံ့မှုတစ်ခုကို ဖြေရှင်းပြီးသားဖြစ်သလို အကျိုးရှိနိုင်ပါတယ််။
၂။ကျန်းမာရေးကောင်းမွန်စေခြင်း
ရေကူးခြင်းဟာ ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးဖြစ်တဲ့အတွက် ကျန်းမာစေပါတယ်။ အထူးသဖြင့် နှလုံးနှင့်အဆုတ်အားကောင်းစေပြီး အမောခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း စတဲ့ အကျိုးကျေးဇူးတွေပါရရှိစေနိုင်ပါတယ်။
၃။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေခြင်း
ရေကူးတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးကို ဟန်ချက်ညီစွာ လှုပ်ရှားရတဲ့အတွက် ကြွက်သားတွေသန်မာပြီး ကလေးများရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် အကျိုးများစွာ ဖြစ်ထွန်းစေမှာပါ။ အရပ်ရှည်ဖို့နဲ့ ခန္ဓာကိုယ်ကျစ်လစ်သန်မာပြီး ကြီးထွားစေဖို့ အထောက်အကူပြုပါတယ်။
၄။ အရေးပေါ်အသက်ကယ်ခြင်းနည်းလမ်း
ရေကူးခြင်းဟာ တတ်ကိုတတ်ထားရမယ့် အခြေခံ အသက်ကယ်နည်းလမ်းတစ်ခုပါ။ သင့်ကလေးကိုယ်တိုင် အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်တဲ့ တစ်ခုတည်းသော အားကစားလည်းဖြစ်တဲ့ အသက်ကယ်နည်းပါ။ ကလေးများ ရုတ်တရတ်သေဆုံးမှုတွေထဲမှာ ရေနစ်သေဆုံးခြင်းဟာလည်း များတာေကြောင့် မသင်မဖြစ်သင်ပေးသင့်ပါတယ်။
အခြားအကျိုးဖြစ်စေတဲ့အချက်တွေအများကြီးရှိပါသေးတယ်။ ရေကူးရင်း အပေါင်းအသင်းများလဲ ပေါင်းသင်းတတ်လာမှာဖြစ်သလို သင့်ကလေးရဲ့ အားလပ်ချိန်တွေမှာ ဖုန်း၊ ကွန်ပျူတာကြည့်ခြင်းတွေနဲ့ အချိန်မကုန်တော့ပဲ ကျန်းမာပြီး အကျိုးရှိမယ့် အရာကို လုပ်ဖြစ်သွားစေပါတယ်။ ရေကူးခြင်းဟာ တစ်ခါတတ်သွားပြီဆိုတာနဲ့ ဘယ်တော့မှ မေ့မသွားမယ့် ကျွမ်းကျင်မှု အတတ်ပညာဖြစ်တာကြောင့် မေမေ၊ဖေဖေတို့ ကောင်းစွာ ရင်းနှီးမြှုပ်နှံပေးလိုက်ပါနော််။


Comments