top of page

မူကြိုကျောင်းအတွက် သင်ရိုးညွှန်းတမ်း (curriculum)ဆွဲတဲ့အခါ သိသင့်သော အခြေခံအချက်များ

  • Writer: htike
    htike
  • Feb 21, 2020
  • 1 min read

Updated: Mar 6, 2020

ကျွန်မရဲ့ အသိမိတ်ဆွေ ဆရာမများ မူကြိုကျောင်းအသစ်တစ်ခုစတင်ချင်တဲ့ အခါမှာ အများစုလာ‌မေး‌လေ့ရှိတာကတော့ ‌ကျောင်းအသစ်အတွက် သင်ရိုးညွှန်းတမ်း(curriculum) ဘယ်လိုဆွဲရမလဲဆိုတာပါပဲ။ ဒါ‌ကြောင့် သင်ရိုးညွှန်းတမ်းဆွဲကြတဲ့အခါ ဘယ်အချက်တွေကို ဂရုစိုက်သင့်သလဲ၊ ဘာ‌တွေပါ၀င်‌အောင်ရေးဆွဲရမလဲဆိုတာကို လမ်းညွှန်ပေးချင်ပါတယ်။




သင်ရိုးညွှန်းတမ်းဆိုတာက ‌ကျောင်းတစ်ကျောင်းရဲ့ အသက်ပါပဲ။ သင်ရိုးညွှန်းတမ်းမရှိပဲ က‌လေး‌တွေကို ဘာ‌တွေသင်ကြား‌ပေးနိုင်မလဲ၊ ဆရာ/ဆရာမတွေအနေနဲ့ရော ဘာ‌တွေဆက်လုပ်ရမလဲဆိုတာ မသိပဲ လမ်း‌ပျောက်သွားနိုင်ပါတယ်။ မူကြိုကလေး‌တွေရဲ့ သင်ယူမှုနဲ့ လိုအပ်ချက်ဟာ အခြားအသက်အရွယ်ကလေးများနဲ့ မတူတာ‌ကြောင့် သူတို့လေး‌တွေအတွက် သင်ရိုးညွှန်းတမ်းဟာ မူလတန်း၊ အလယ်တန်းကလေး‌တွေအတွက် သင်ရိုးညွှန်းတမ်းအတိုင်းလဲ သွားလို့မရပြန်ပါဘူး။ အသက်အရွယ်အလိုက် curriculum ဆွဲနည်းအသေးစိတ်ကိုတော့ အလျဥ််းသင့်သလို ‌ရေးသား‌ပေးသွားပါဦီးမယ်။

မူကြိုဆရာ/မတွေအနေနဲ့ သင်ရိုးညွှန်းတမ်းဆွဲတဲ့အခါ ဒီအခြေခံအချက်ကလေး‌တွေကို ဂရုတစိုက်သတိထားကြည့်ဖို့လိုပါတယ်။

၁။ သင်ယူရာ‌နေရာကို စံသတ်မှတ်ခြင်း

ပထမဆုံးအရေးကြီးစဥ််းစားရမယ့် အချက်ကတော့ ဘယ်လို ‌နေရာမှာ ကလေး‌တွေကို သင်ကြားမလဲဆိုတာပါပဲ။ မူကြိုကလေးများကိုသင်ကြားရာမှာ စာသင်ခန်းထဲမှာ တနေကုန် ထိုင်ပြီးသင်ယူစေတာဟာ သင်ကြားခြင်းမမည်ပါဘူး။ သူတို့လေး‌တွေ သင်ယူရမည့်နေရာ‌တွေဟာ စာသင်ခန်း၊ ‌ကျောင်းခန်းပြင်ပ၊ ပြင်ပလောကနဲ့ လက်တွေ့လုပ်ဆောင်ရာ‌နေရာ‌တွေပါ။ ဒါ‌ကြောင့် ‌နေရာအစုံမှာ သင်ယူလို့ရမယ့် သင်ရိုးညွှန်းတမ်း ဖြစ်သင့်ပါတယ်။ သင်ရိုးညွှန်းတမ်း‌ကောင်းတစ်ခုမှာ ကလေးအသက်အရွယ်အလိုက်သင့်တော်မယ့်သင်ယူရာ‌နေရာ‌များ ထည့်သွင်းထားတာမျိုး ပါ၀င်ပါတယ်။

၂။ တိကျသော သင်ယူရာရည်မှန်းချက်ထားရှိခြင်း

မိမိကျောင်းကနေပြန်သွားတဲ့အခါ ဒါမှမဟုတ် တစ်နှစ်တာသင်ယူမှုပြီးဆုံးသွားတဲ့အခါမှာ ကလေး‌တွေကို ဘာ‌တွေတတ််‌မြောက်သွား‌စေချင်လဲဆိုတာကိုပါ ထည့်သွင်းစဥ််းစားရပါမယ်။ တစ်နေ့တာ ဘာ‌တွေသင်ယူတတ်‌မြောက်သွား‌စေချင်လဲ၊ တစ်လတာဘယ်လိုတိုးတက်မှုမျိုးကိုရည်မှန်းထားတာလဲ၊ စာသင်နှစ်တစ်နှစ်ပြီးသွားတဲ့အခါ ဘာ‌တွေတတ်မြောက်သွားသင့်လဲ ဆိုတာ‌‌တွေကိုလည်း သင်ရိုးညွှန်းတမ်း‌‌‌ရေးဆွဲတဲ့အခါ ‌မေ့ထားခဲ့လို့မရပါဘူး။

၃။ အခြေခံလိုအပ်ချက်များကို သတိပြုခြင်း

မူကြိုကလေးများရဲ့ အခြေခံလိုအပ်ချက်တွေကိုပါ မမေ့မလျော့ အထူးသတိပြုရပါမယ်။ အသက်အရွယ်အလိုက်အခြေခံလိုအပ်ချက်တွေဟာကွဲပြားပါတယ်။ ဥပမာ- အိပ်ချိန်၊ စားချိန်၊ ကစားချိန် နဲ့ အနားယူချိန်တွေလိုမျိုးကို အသေအချာ ထည့်သွင်းစဥ််းစားရပါမယ်။ ကလေး‌တွေရဲ့ အိပ်ချိန်ဘယ်နှစ်နာရီပေးသင့်သလဲ၊ အစားအသောက် များကိုဘယ်အချိန်မှာ ‌ကျွေးသင့်သလဲ၊ အချိန်ဘယ်လောက်ခြားပြီး‌ကျွေးသင့်တာလဲ၊ ကျန်းမာ‌ရေး‌စောင့်ရှောက်မှု၊ တစ်ကိုယ်‌‌ရေသန့်ရှင်းမှုတွေကိုဘယ်လိုထည့်သွင်းကြမလဲ၊ ကစားချိန်နဲ့ ဘာ‌တွေကစားသင့်တာလဲ စသည်ဖြင့် ကလေးများရဲ့ အခြေခံလိုအပ်ချက်များကို ‌သေချာစဥ််းစားပြီး ထည့်သွင်းထားသင့်ပါတယ်။ ကစားခြင်းဟာ မူကြိုအရွယ်ကလေးများဖွံ့ဖြိုးမှုအတွက် အခြေခံဖြစ်တယ်ဆိုတာကိုလည်း သတိပြုရပါမယ်။

၄။ အခြေခံ သင်ကြားရမည့် နယ်ပယ်များသတ်မှတ်ခြင်း

မူကြိုအရွယ်မှာ မသင်မဖြစ်သင်ပေးရမယ့် အခြေခံနယ်ပယ်များးကိုလည်း ကျန်ခဲ့လို့မရပါဘူး။ မူကြိုအရွယ်ဟာ အခြေခံအုတ်မြစ်တည်ဆောက်ရတဲ့အရွယ်ဖြစ်တာ‌ကြောင့် သူတို့လေး‌တွေတစ်ဘ၀လုံးတိုးတက်စေဖို့ အခြေခံ သင်ယူရမယ့်အရာ‌တွေကို ချန်ခဲ့လို့မရပါဘူး။ မူကြိုအရွယ်မှာ ဖွံ့ဖြိုးရမယ့် နယ်ပယ်ကြီး ငါးရပ်ကတော့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ စာရိတ္တဖွံ့ဖြိုးမှု၊ ‌‌ပေါင်းသင်းဆက်ဆံ‌ရေးဖွံ့ဖြိုးမှု၊၊ဘာသာစကားဖွံ့ဖြိုးမှု၊ဥာဏ်ရည်ဖွံ့ဖြိုးမှု တို့ဖြစ်ပါတယ်။



၅။ မူကြိုကလေးများတွက် လုံး၀လက်မလွှတ်ပဲ သင်ကြား‌ပေးလိုက်ရမည့် အရာများ

အချက်လေးမှာ‌ဖော်ပြခဲ့တဲ့အတိုင်းပဲ ဖွံ့ဖြိုးမှု နယ်ပယ်များဖွံ့ဖြိုးရမှာဖြစ်သလို သင်ကြား‌ပေးလိုက်ရမယ့် အရာ‌လေး‌တွေလဲရှိပါ‌သေးတယ်။ ဒီအချက်ကတော့ မိမိတို့နေထိုင်ရာ၀န်းကျင်၊ ကိုးကွယ်မှု၊ မိသားစုအနေအထားတို့အရကွဲပြားပါတယ်။ ဥပမာ- မိမိတို့ဒေသမှာ သတ်မှတ်ထားရှိတဲ့ လူမှု၀န်းကျင်စည်းကမ်း‌လေးတွေ၊ ယဥ်ကျေးတဲ့စကားအသုံးအနှုန်း‌တွေ၊ မိမိကိုယ်ကိုရပ်တည်နိုင်မှု၊ သူတစ်ပါးကို‌‌ဝေမျှတတ်ခြင်း၊ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်း၊ အသစ်အဆန်းများကို စူးစမ်း‌လေ့လာသင်ယူလိုစိတ်၊ တီထွင်ဖန်တီးနိုင်မှု စတဲ့ ကိုယ်ရည်ကိုယ်သွေး‌တွေကို သူတို့လေး‌တွေအရွယ်နဲ့ သင့်တော်သလို သင်ကြား‌ပေးဖို့လိုပါတယ်။

၆။ မိမိကျောင်း၏ စံနှုန်းနှင့်ပြန်လည်ချိန်ထိုးကြည့်ခြင်း

အထက်ပါအချက်များကိုစဥ််းစားပြီးရင်တော့ ကိုယ်ရေးဆွဲလိုက်တဲ့ သင်ရိုးဟာ မိမိကျောင်းရဲ့ တန်ဖိုးထားမှု စံနှုန်းနဲ့ ကိုက်ညီမှုရှိ/မရှိကို ပြန်လည်ကြည့်ရပါမယ်။ မိမိကျောင်းရဲ့ ‌ဆောင်ပုဒ်က "ကစားခြင်းဖြင့်သင်ယူစို့" လို့ဆိုပေမယ့် ကလေး‌တွေရဲ့ကစားချိန်ဟာ တစ်ရက်ကို ၁၅ မိနစ်ပဲပါတယ်ဆိုရင်မဟုတ်သေးပါဘူး။ ဘာသာစကား ၂မျိုး အသုံးပြုပြီးသင်ကြားတဲ့ ‌ကျောင်းလို့ ‌ခေါင်းစဥ်တပ်ထားသည့်တိုင်အောင် ဘာသာစကားတစ်ခုထဲကိုပဲ အားစိုက်သင်တဲ့ သင်ရိုးဖြစ်နေတယ်ဆိုလဲ လွဲနေပါပြီ။ ဘက်စုံဖွံ့ဖြိုးမှုကို အား‌‌ပေးတယ်လို့ဆိုပေမယ့် စာသင်ခန်းထဲမှာပဲ စာ‌‌ရေး/စာဖတ်သင်ဖို့ အာရုံစိုက်နေသေးတယ်ဆိုရင် စံနှုန်းကမမှန်တော့ပါဘူး။

၇။ လက်တွေ့အသုံးချခြင်း

အထက်ပါအချက်တွေအတိုင်းစဥ််းစားပြီး သင်ရိုး‌ရေးဆွဲပြီးပြီဆိုရင်တော့ မိမိကျောင်းမှာ လက်တွေ့ အသုံးချလို့ရပါပြီ။ မိမိသင်ရိုးကို တတ်သိနားလည်တဲ့ ပညာရှင်တွေ၊ အတွေ့အကြုံရှိတဲ့ နယ်ပယ်အတူတူမှာလုပ်ကိုင်နေတဲ့ သူတွေဆီမှာလဲ ပြပြီး အကြံဥာဏ်တွေတောင်းပါ။

၈။ ပြန်လည်သုံးသပ်ခြင်း

လက်တွေ့အသုံးချပြီးတဲ့အခါ တစ်ရက်ပြီးတိုင်း မိမိရဲ့ တစ်နေ့တာ သင်ရိုးကို ပြန်လည်သုံးသပ်ပါ။ တစ်လတာပြီးဆုံးတိုင်းလဲ ပြန်လည်မှတ်တမ်းတင်ပါ၊ စဥ််းစားပါ။ တစ်နှစ်တာ စာသင်နှစ်ပြီးသည့်အခါမှာလဲ ထို့အတူပါပဲ။

ဘာ‌တွေအဆင်ပြေသွားလဲ။ ဘယ်နေရာမှာ အခက်အခဲတွေရှိနေသလဲ။ ကလေး‌တွေနှစ်သက်/သင်ယူကြပါသလား။ ဆရာ/မတွေ လက်တွေ့အသုံးချတဲ့အခါ အဆင်ပြေပါသလား။ မိဘတွေရဲ့ မှတ်ချက်တွေကကော ဘယ်လိုရှိပါသလဲ။ သတ်မှတ်ထားတဲ့ ရည်မှန်းချက်ကို ‌ရောက်ရဲ့လား စသည်ဖြင့်မေးခွန်းများကို ‌ဖြေကြည့်ပါ။

ထွက်လာတဲ့အဖြေအပေါ်မူတည်ပြီး မိမိရဲ့သင်ရိုးကို ပြန်လည် ပြင်ဆင်မွမ်းမံပါ။

ကလေးများအတွက် အကောင်းဆုံးသင်ယူရာအခွင့်အလမ်းဖန်တီး‌ပေး‌သော သင်ရိုးညွှန်းတမ်းများ ‌ရေးဆွဲနိုင်ပါ‌စေလို့ ဆန္ဒပြုရင်း

ဆရာမထိုက်ထိုက်

၂၁.၂.၂၀၂၀

Recent Posts

See All
မြန်မာနိုင်ငံ၏ ကလေးဗဟိုပြုချဉ်းကပ်နည်း (Child-centered Approach) သင်ကြားရေးအ‌ပေါ်သဘောထား‌

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ‌တော်် ပြန်ကြား‌ရေး၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ထားချက်ကို မဖတ်ရသေးသူများအတွက် ပြန်လည်ကူးယူတင်ပြပေးခြင်းဖြစ်ပါတ...

 
 
 

Comments


စာ‌စောင်များကိုရယူလိုပါက

Thanks for submitting!

  • Facebook Black Round

© 2023 by Precious Child

Proudly created with Wix.com

Tel: +66 0991479673

bottom of page