မြန်မာနိုင်ငံ၏ ကလေးဗဟိုပြုချဉ်းကပ်နည်း (Child-centered Approach) သင်ကြားရေးအပေါ်သဘောထား
- htike

- Mar 29, 2020
- 1 min read
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်် ပြန်ကြားရေး၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ထားချက်ကို မဖတ်ရသေးသူများအတွက် ပြန်လည်ကူးယူတင်ပြပေးခြင်းဖြစ်ပါတယ်။
ပညာခေတ်တွင် ခေတ်နှင့်အညီ သင်ကြားမှုပုံစံပြောင်းလဲလာမှုများ အနက် ကလေးဗဟိုပြုချဉ်းကပ်နည်း (Child-centered Approach) သင်ကြားရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာကြောင်း၊ ဆရာဗဟိုပြု သည့်စနစ်ဖြင့် နှစ်ပေါင်းများစွာ သင်ကြားပြီး အခြေခိုင်မာလာခဲ့တဲ့ မြန်မာနိုင်ငံမှ သင်ကြားေရေး၀န်ထမ်းများအဖို့ သင်ကြားမှုလမ်းဟောင်းမှခွဲထွက်၍ သင်ကြားမှုပုံစံသစ်များကို တည်ဆောက်ကြသောအခါ အခက်အခဲများနှင့် ကြုံတွေ့နိုင်သည်ကိုလည်း ထောက်ပြသွားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ပကတိအခြေအနေအရ လိုအပ်ချက်များ ရှိနေဦးမည်ဖြစ်သော် လည်း အခြေခံကုစားမှုတွင် ဤကလေးဗဟိုပြုသင်ယူမှုက အထောက်အကူတစ်ခု ဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းတွင် ဘုန်းတော်ကြီးသင်ပညာရေးကို အခြေခံလျက် ပညာရေးတစ်ခေတ် ခါးဆက်မပြတ်အောင် စွမ်းဆောင်မှုများ ရှိခဲ့ပြီး ယခုလည်း လက်လှမ်းမမီသောနေရာများမှာ ဘုန်းတော်ကြီးသင် ပညာရေးကို အားကိုးနေရဆဲဖြစ်ပါသည်။ ကျေးလက်ဒေသရှိမူလတန်းကျောင်း များတွင် ယခုအခြေအနေအရ ဆရာငါးဦး အနည်းဆုံးရှိရမည့်အစီအစဉ်ကို ဆောင်ရွက်နေဆဲဖြစ််ကြောင်းနှင့် စာသင်ကျောင်းကောင်းမွန်ပြီး စာသင်ခန်းနှင့် ကျောင်းသားဦးရေ အချိုးညီစေရန်မှာ လွန်စွာ အရေးကြီးသည့်အတွက် ဆောင်ရွက်နေကြောင်းလည်းပါရှိသည်။
ပညာရေးဆိုသည်မှာ ယခုရေတွင်းတူး ယခုရေကြည်သောက်နိုင်သော အချိန်တိုအတွင်း ကုစားနိုင်သည့် အရာမျိုးလည်းမဟုတ်ပဲ ရည်မှန်းထားသော အချိန်ကာလတစ်ခုသို့ရောက်ရှိနိုင်ရန်အတွက် စီမံချက်များကို တစ်ထစ်ချင်း၊ တစ်လှမ်းချင်း တက်လှမ်း၍ အခြေခိုင်အောင် တည်ဆောက်ယူရကြောင်းကိုလည်းဖော််််််််ပြခဲ့ပါသည်။
ပညာရေးဟူသည် အနာဂတ်အတွက် ရေရှည်မျှော်မှန်း တည်ဆောက် ယူရသည့် လုပ်ငန်းစဉ်ဖြစ်ပြီး တည်ဆောက်ယူနေစဉ်တွင် တစ်ဖက်မှ ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်အောင်ကြိုးပမ်းရသည်။ အဆောက် အအုံ၊ ပရိဘောဂ၊ ဆရာအင်အား၊ နည်းပညာအားတို့ကို ဖြည့်ဆည်းစုဆောင်း ဆောင်ရွက်ရသည်။ ထိုမှ အခြေခံဖြစ်သော ကလေးဗဟိုပြုသင်ကြားရေးကို ယှဉ်တွဲလျက် ဟန်ချက်ညီအောင် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းသွားမှ သာ ရည်မှန်းထားသည့် ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်သည်။
ခေတ်အဆက်ဆက် အခြေခိုင်မာနေသော ဆရာဗဟိုပြုသင်ကြားမှုမှ ကလေးဗဟိုပြုသင်ကြားရာတွင် အခက်အခဲများ ကြုံတွေ့ရမည်ဖြစ် သော်လည်း ဤလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် စိတ်ပျက်အားလျော့ ဖွယ်ရာ အကြောင်းရှိမည်မဟုတ်ချေ။ ၂၁ ရာစုပညာခေတ်တွင် အနာဂတ် မျိုးဆက်သစ်များအတွက် အကျိုးဖြစ်နိုင်သော အခြေခံကျသည့် သင်ကြား နည်းစနစ်ကို ဆက်လက်အားကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်သည်။
သင်ကြားရေးတွင် ဆရာများဘက်မှ ပုံမှန်လမ်းဟောင်းမှခွဲထွက်ကာ လမ်းသစ်တွင် အနာဂတ်မျိုးဆက်သစ်များအတွက် ပညာ့အားမာန်သစ် များရရှိအောင် ဆောင်ရွက်သွားကြရန်လည်းပါရှိပါသည်။ အနာဂတ် ပညာရေးအတွက် မဖြစ်မနေ ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသော အမျိုးသားရေး တာဝန်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။

Comments